
views
ကျောင်းသား/သူအများစုက ဘတ်စ်ကား၊ ကား၊ ရထားတွေကို စီးပြီး တက္ကသိုလ်တက်ကြပေမဲ့ ဂျပန်ပေါ့ပ်အဆိုတော် ယူဇူခီ နာခါရှိမာကတော့ ၄ နှစ်လုံး နေ့တိုင်းလေယာဉ်နဲ့ တက္ကသိုလ်တက်ခဲ့တာပါ။
မတ်လတုန်းက Kitakyushu City University ကနေ ဘွဲ့ရခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ယူဇူခီက သူ့ရဲ့နေ့စဉ်အလေ့အထတွေအကြောင်း Vlog ကို YouTube မှာ မကြာသေးခင်ကမှ တင်ခဲ့တာပါ။ ဂျပန်အဆိုအဖွဲ့ Sakurazaka46 ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သူက တိုကျိုမှာ နေတာဖြစ်ပြီး ကီလိုမီတာ ၁၀၀၀ ခန့်အကွာဖူကူအိုကာမြို့ဆီ နေ့စဉ် လေးနာရီကြာ အသွားအပြန်ခရီးလုပ်ခဲ့တာပါ။ မနက် ၆ နာရီမှာ Haneda Airport ဆီ မထွက်ခွာမီ မိတ်ကပ်လိမ်းဖို့ မနက် ၅ နာရီထပါတယ်။ အဲ့ဒီနောက် Kitakyushu Airport ဆီရောက်မယ့် ပထမဆုံးလေယာဉ်မီဖို့ သွားရပြီး မနက် ၉ နာရီခွဲမှာ ဆိုက်ရောက်ပါတယ်။ သူက လေဆိပ်ကနေတဆင့် တက္ကသိုလ်ကို ရောက်ဖို့ ဘတ်စ်ကား (သို့) တက္ကစီစီးရပါသေးတယ်။
အဲ့ဒီဗီဒီယိုတင်ပြီးတဲ့နောက်မှာ လူမှုကွန်ယက်အသုံးပြုသူတွေက သူ့ကို တက္ကသိုလ်ကျောင်းသူဘဝနဲ့ အဆိုတော်ဘဝနှစ်ခုလုံးအတွက် အချိန်ကို စီမံခန့်ခွဲနိုင်တဲ့သူလို့ ဆိုကြပါတယ်။ Sakurazaka46 ရဲ့ဖျော်ဖြေတင်ဆက်မှုတွေကို တက္ကသိုလ်ကျောင်းသူဘဝက လွှမ်းမိုးချုပ်ချယ်တာကို မလိုလားတာကြောင့် တက္ကသိုလ်တက်တာကို တက္ကသိုလ်ဘွဲ့ရတဲ့အထိ လျှို့ဝှက်ထားခဲ့တာဖြစ်တယ်လို့ ယူဇူခီက ဆိုပါတယ်။ သူ့ရဲ့ပရိသတ်တွေကို အိပ်မက်တွေနောက်လိုက်ဖို့လည်း တိုက်တွန်းထားပါတယ်။
ယူဇူခီက “မင်းတို့မှာ အိပ်မက်တွေရှိရင် အဲ့ဒါက ဘယ်လောက်ခက်ခဲခက်ခဲ ကိစ္စမရှိပါဘူး။ သတ္တိရှိရှိနဲ့ အကောင်အထည်ဖော်လိုက်ပါ။ မင်းတို့ရဲ့အိပ်မက်နောက်လိုက်ဖို့ ကုန်ဆုံးလိုက်တဲ့ စက္ကန့်တိုင်းက မင်းတို့ရဲ့ဘဝမှာ တန်ဖိုးအရှိဆုံးအမှတ်တရတွေထဲက တစ်ခုဖြစ်လာမှာပါ”တဲ့။
Ref: Japanese Pop Idol Travelled 4hrs By Plane Daily To Attend University For 4 Years
WL ( ရိုးရာလေး)
Comments
0 comment